Bronfenbrenner Ecological System
ဆရာတစ်ယောက်ရဲ့ အလုပ်ဟာ စာသင်ကြားပေးရုံဆိုတာလေး တစ်ခုထက်ပိုပါတယ်။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်၊ မိသားစုက ပြသနာတွေ အခက်အခဲတွေကို နားလည်ဖို့ အဖြေရှာပေးတတ်ဖို့ဆိုတာလည်း ဆရာတွေပိုင်ဆိုင်ထားသင့်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို စစ်ဘေးရှောင်တွေ၊ ငွေကြေးမပြေလည်၊ ဒုက္ခတွေများလွန်းလှတဲ့ နိုင်ငံဆို ထိလွယ်ရှလွယ် ကလေးငယ်တွေအကြောင်းကို သိထားဖို့ပိုတောင်လိုအပ်ပါသေးတယ်။ အဲ့တော့ ကလေးငယ်တွေရဲ့ ပတ်ဝန်းကျင်အကြောင်းကို ဘယ်လိုခွဲခြားနားလည်အောင်လုပ်ကြမလဲ။ ကျွန်တော်တွေ့ထားတဲ့ Bronfenbrenner Ecological System ကို နားလည်ထားရင်တော့ အများကြီး အထောက်အကူဖြစ်လိမ့်မယ်ထင်ပါတယ်။
Microsystem
ကလေးတွေနဲ့ နေ့စဉ်ဘဝနဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ ဉပမာ- မိဘတွေ၊ မိသားစု၊ မောင်နှမ၊ ကျောင်း(ဆရာမ၊ ကျောင်းသား၊ ဝန်ထမ်း)၊ ဘုရားကျောင်း၊ ကျန်းမာရေးစောင့်ရှောက်တဲ့ နေရာ၊ အိမ်နီးချင်း၊ တစ်ချို့တွေအတွက် အလုပ်နေရာ စတဲ့ နေ့စဉ်ထိတွေ့နေရတဲ့ လူတွေကို Microsystem လို့ ခေါ်တယ်။
ကျောင်းသားနဲ့ ဆရာဆက်ဆံရေးကတော့ အကောင်းဆုံးသာဓက ဖြစ်ပါတယ်။ ကလေးကို လုံခြုံနွေးထွေးပြီး ယုံယုံကြည်ကြည်နဲ့ ကြိုဆိုတဲ့ စာသင်ခန်းတစ်ခုအဖြစ်ဖော်ဆောင်ဖို့ အတွက် အနီးကပ်ဆုံး ဆက်ဆံရသူဖြစ်မှာပါ။
Mesosystem
ကလေးရဲ့ ပတ်ဝန်းကျင်က မတူညီတဲ့ microsystem တွေထိတွေ့ပြီး ချိတ်ဆက်တာကို Mesosystem လို့ခေါ်ပါတယ်။ ကလေးမိဘက ကျောင်းကပွဲတစ်တစ်ခုလာတာမျိုး၊ ဘာသာရေးခေါင်းဆောင်က ကျောင်း သို့ ပတ်ဝန်းကျင်မှာ ပွဲလာကျင်းပတာမျိုး၊ ဘာလို့ ကျောင်းချိန်တွေမမှန်သလဲဆိုတာကို ဆရာက ကျောင်းသားအိမ်မှာ လာပြီး စုံစမ်းတာမျိုးဖြစ်ပါတယ်။ ကလေးရဲ့ အနီးအနားက မတူညီတဲ့ microsystem တွေ ထိစပ်နေမှုကလည်း စာသင်ကြားမှုအပေါ်တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။
စာသင်တဲ့ ကာလပတ်တွေကြာနေတာတောင် ကလေးက စာသင်တဲ့ နေရာမှာ အသားမကျသေးပဲ ရုန်းကန်နေရတယ်။ အဲ့တာကြောင့် ဆရာက ကလေးရဲ့ အိမ်ကိုလိုက်သွားပြီး မိဘသွားတွေ့ပြီး ဘာကြောင့်လဲဆိုတာနားလည်အောင်လုပ်ပြီး မိဘကဘယ်လိုကူညီလဲမေးတာဟာ mesosystem ဖြစ်ပါတယ်။
Exosystem
ကလေးနေထိုင်တဲ့ နေရာက ပိုကျယ်ပြန့်တဲ့ အသိုင်းအဝိုင်းဖြစ်တယ်။ ဆွေမျိုးသားချင်းတွေ၊ မိဘတွေရဲ့ အလုပ်နေရာတွေ၊ အိမ်နီးချင်းတွေ၊ မိသားစုဝင်တွေရဲ့ မိတ်ဆွေတွေ၊ မီဒီယာတွေ၊ ပညာရေး၊ ကျန်းမာရေး၊ ဖူလုံရေးစတဲ့ နိုင်ငံရေးတွေနဲ့ ပေါ်လစီတွေ ပါဝင်ပါတယ်။ ကလေးနဲ့ တိုက်ရိုက်ထိစပ်မှုမရှိပေမယ့် ကလေးရဲ့ ပတ်ဝန်းကျင်က လူတွေအပေါ်သက်ရောက်နေတဲ့ system ဖြစ်တာကြောင့် ကလေးပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။
ကလေးမိဘတွေနဲ့ စကားပြောကြည့် လိုက်တဲ့အခါကျတော့ ကလေးက သူ့ညီမလေးကျောင်းအတူတူ မတက်ရလို့ စိတ်မကောင်းဖြစ်နေတာသွားတွေ့တယ်။ အဲ့တော့ ဆရာမက ကျောင်းအုပ်နဲ့သွားတွေ့ပြီး ကျောင်းသားနေရာရှိသေးလားရယ် တစ်ခြားမတက်ဖြစ်တဲ့ ကလေးတွေအကြောင်းပြောဖြစ်ကြတယ်။ နိုင်ငံအနေနဲ့ ကလေးတွေအတွက်စာသင်ကျောင်းအလုံအလောက်မဆောက်ပေးနိုင်တဲ့ exosystem ပြသနာကိုသွားတွေ့တယ်။ အဲ့တာကြောင့် ပြောင်းလဲမှုတွေလုပ်ဖို့ဆို micro နဲ့ meso ကို လည်းကျော်ပြီးကြည့်နိုင်ဖို့ လိုတယ်။
Macrosystem
ဒီ system မှာတော့ ပိုပြီးကြီးမားတဲ့ လူမှုရေး level တွေနဲ့ သက်ရောက်မှုတွေပါဝင်ပါတယ်။ အတွေးအခေါ်တွေ၊ စံနှုန်းတွေ၊ ကိုယ်ကျင့်တရားတွေ၊ ဉပဒေတွေ၊ ထုံးတမ်းဓလေ့ အစဉ်အလာတွေပါဝင်ပါတယ်။ ဒုက္ခသည်တွေ အတွက်ဆိုရင် အိမ်ရှင်နိုင်ငံကလူတွေ နဲ့ ဆက်ဆံရေးဘယ်လိုရှိလဲဆိုတာမျိုး ဖြစ်ပါတယ်။
ကလေးရဲ့ ညီမအတွက် နေရာအတွက်မိဘနဲ့ ပြန်သွားဆွေးနွေးတော့ ကလေး မိဘအနေနဲ့က မိန်းကလေးဟာကျောင်းနဲ့ မသက်ဆိုင်ဘူးလို့ တွေးတာကိုတွေ့ရတယ်။ ဒါဟာ ကလေးမိဘရဲ့ ယုံကြည်ချက်၊ ဓလေ့ထုံးတမ်းတွေ ဖြစ်တာကြောင့် ဆရာကိုယ်တိုင်ဖြေရှင်းလို့ မရတဲ့ microsystem ပြသနာဖြစ်ပါတယ်။ ဒါပေမယ့် အထက်ကဆရာ၊ ဆရာမတွေနဲ့ တို်ငပင်ပြီး ဒီလိုပြသနာတွေကို ကလေးတွေနဲ့ ဆွေးနွေးတာမျိုးဖြစ်ဖြစ် လုပ်လို့ရပါတယ်။
Chronosystem
ဒီ system မှာတော့ သူ့ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အရာတွေပါဝင်ပါတယ်။ တစ်နေရာက တစ်နေရာကို ရွှေ့ပြောင်းရတာမျိုးတွေ၊ လက်ထပ်တာ ကွာရှင်းတာ၊ ကလေးမွေးတာ စတဲ့ ကိစ္စမျိုးတွေဖြစ်ပါတယ်။ေ
ခုနကပြောခဲ့တဲ့ ကလေးဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အများကြီးကြုံတွေ့ခဲ့ရတယ်။ သူနဲ့ သူ့မိသားစုဟာ စစ်ပွဲကိုကြုံခဲ့ရပြီး တစ်နေရာကို ရွှေပြောင်းခဲ့ရတယ်။ မိသားစုဝင်တွေလည်း ဆုံးရှုံးခဲ့ရပြီး အခုလည်းပိုလုံခြုံတဲ့ နေရာတစ်ခုကို ရွှေ့ပြောင်းဖို့ ကြိုးစားနေကြတယ်။ ကလေးရဲ့ ဒီအပြောင်းအလဲတွေကို နားလည်ထားမှ စာသင်ခန်းအတွင်း ကူညီပေးနိုင်မှာဖြစ်ပါတယ်။

Comments
Post a Comment